International News

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် (၂၃) ကြိမ်မြောက် China International Travel Mart CITM အောင်မြင်စွာကျင်းပနိုင်ခဲ့

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ လေကြောင်းဉီးစီးဌာနနှင့် ယူနန်ပြည်နယ် ပြည်သူ့ အစိုးရတို့က ကြီးမှူး၍ (၂၃) ကြိမ်မြောက် China International Travel Mart (CITM) ကို (၂၂-၇-၂၀၂၂) ရက်နေ့မှ (၂၄-၇-၂၀၂၂) ရက်နေ့အထိ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင်ကျင်းပခဲ့ရာ တရုတ်နိုင်ငံ၏ ပြည်နယ်အသီးသီးမှ ပြခန်းများ၊ မြူနီစပယ်မြို့များ၊ ကူမင်းအခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်းကုမ္ပဏီများအပါအဝင် သက်ဆိုင်ရာဌာနနှင့် လုပ်ငန်း ကုမ္ပဏီများ ပါဝင်ပြသခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားသို့ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး H.E. Mr. Wang Ning၊ ယူနန်ပြည်နယ် ပြည်သူ့ အစိုးရအုပ်ချုပ်ရေးမှူး H.E. Mr. Wang Yubo၊ တရုတ်နိုင်ငံ၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Zhang Xu နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ နိုင်ငံခြားသံရုံးမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ ကူမင်းမြို့အခြေစိုက် ကောင်စစ်ဝန်ချုပ်များ၊ ကိုယ်စား လှယ်များ တက်ရောက်ခဲ့ကြပြီး ပြခန်းများအား လိုက်လံကြည့်ရှုခဲ့ကြပါသည်။

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် မြန်မာကောင်စစ်ဝန်ချုပ် (ကူမင်း) ၏ ဉီးဆောင်မှုဖြင့် မြန်မာပြခန်းကိုပြသခဲ့ရာ ခရီးသွား မြှင့်တင် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ အင်္ဂလိပ်ဘာသာနှင့် တရုတ်ဘာသာတို့ဖြင့် ရိုက်ကူးထားသော Myanmar-Be enchanted Video Clip အား တီဗွီဖြင့် စဉ်ဆက်မပြတ်ပြသကြော်ငြာခြင်း၊ မြန်မာ့လက်မှု ပညာများ ပြသခြင်းများအပြင် မြန်မာနိုင်ငံ၏ ထွက်ကုန်ပစ္စည်းများဖြစ်သော ကျောက်စိမ်း၊ လက်ဝတ်ရတနာများ၊ ယွန်းထည်ပစ္စည်းများ၊ ကျောက်စီ ပန်းချီကားချပ်များ၊ အေးသာယာဝိုင်၊ လက်ဖက်ခြောက်၊ မြန်မာစတိုင်လက်ဖက်ရည်ချို Royal Myanmar Tea Mix များကိုလည်း ခင်းကျင်းပြသခဲ့ရာ လာရောက်ကြည့်ရှုသူများ၏ စိတ်ဝင်စားမှုများရရှိခဲ့ပါသည်။    

ပြပွဲအတွင်း ခရီးသွားလုပ်ငန်းမြှင့်တင်မှု ပိုမိုပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို ၂၃-၇-၂၀၂၂ တွင်ကျင်းပရာ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း)၊ စီးပွားရေးသံမှူး ဒေါက်တာဝေရီလင်းမှ မြန်မာ့ခရီးသွားမြှင့်တင်ရေးဆောင်ရွက်နေမှုများ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပါသည်။ အဆိုပါ ခရီးသွား လုပ်ငန်းပြပွဲသို့ နိုင်ငံပေါင်း ၇၀ ကျော်မှ ပါဝင်ပြသခဲ့ပါသည်။                                  
 

 

(မြန်မာစီးပွားရေးသံမှူး၊ ကူမင်းမြို့)

 

Category: International News